Tuesday, 29 June 2010

လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့...

“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။ ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်


“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့

နေရကျိုးလည်း မနပ်ပါဘူး။

အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်




ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ လူမှုကယ်ဆယ်ရေးတတ်ကြွလှုပ်ရှားသူ လူရွှင် တော် ကိုဇာဂနာ အပါအ၀င် ပေးဆပ်တိုက်ပွဲဝင်နေသူ အချို့၏ မိန့်ခွန်း၊ အတွေးအခေါ်၊ အဖွဲ့အနွဲ့ကို တက်အား သ၍ ရှာဖွေစုစည်းတင်ပြခြင်းသာ ဖြစ်ပါသည်။ သူတို့၏ ပေးဆပ်မှု၊ အနစ်နာခံမှုကို ထာဝစဉ်မမေ့ကြပဲ အားကျ အတုယူ လေးစားကာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်နိုင်ကြပါစေ ……….

အချက်အလက်များကို ၀က်ဆိုဒ်များ၊ သတင်းမီဒီယာများ၊ ဘလော့ခ်များ၊ စာအုပ်စာတန်းများမှ ရယူပါသည်။ ဖော်ပြပေးသော ၀က်ဆိုဒ်အားလုံးကိုလဲ အထူးပင် ဂုဏ်ပြုလိုက်ပါသည်။

“ ဒီမိုကရေစီတိုက်ပွဲ အမြန်ဆုံးအောင်မြင်ပါစေ ”

“ တကယ့်တွန်းလှန်ဖို့ အရေးကလဲ

မဝေးတော့ပြီမို့

အရေးကြီးလျှင်ဖြင့်

သွေးစည်းပြီး

သွေးနီးရာဆိုသည့်အတိုင်း

ကိုင်း ….. ထထကြွကြွ နှင့်

ဝိုင်းကြပေရော့ … ”

သခင်ကိုယ်တော်မှိုင်း

“ ဟေ့ သေရဲ မြန်မာပီပီ

ဇာတိမာန်နဲ့သေကြပါ။

ရန်သူကမိရင်

“ လက် ” အားရင် လက်နဲ့ထိုး

“ ခြေ ” အားရင် ခြေနဲ့ကန်ပါ။

နောက်ဆုံး “ ပါးစပ် ” အားနေရင်

ပါးစပ်နဲ့ ကိုက်ပြီးမှ

ရဲရဲသာ သေပြလိုက်တာပေါ့။ ”

ဗိုလ်ချုပ်အောင်ဆန်း

( ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား )

“ ကျွန်မတို့လွတ်လပ်မှုတွေမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။

လျစ်လျှူမရှုထားကြပါနဲ့။

တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က

ရပ်တည်ပေးကြပါ။

ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို

ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို

မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ

လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။

ဒီလိုစိတ်ထားမထားနိုင်ရင်တော့

ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့လည်း မခေါ်သင့်ဘူး။

နိုင်ငံရေးနယ်ထဲမှာလည်း ၀င်ပြီးတော့ မလုပ်သင့်ဘူး။ ”

ဒေါ်အောင်ဆန်းစုကြည်

“ “ အသက်ရှင်ရကျိုးမနပ်ဘဲ

နေရမယ့်အစား

သေရတာပဲ ကောင်းတယ် ” ဆိုတဲ့

စိတ်ဓါတ်ထားပြီး

အသက်ရှင်ရကျိုးနပ်မယ့်

ဒီမိုကရေစီအကျိုးဖြစ်အောင်

အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ မြန်မာနိုင်ငံမှာ

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ

အမျိုးသားရင်ကြားစေ့ရေးမပါဘဲ

ကျင်းပတဲ့ရွေးကောက်ပွဲဟာ

တရားဝင်မှာ မဟုတ်ကြောင်း

ကုလသမဂ္ဂအနေနဲ့

ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ် ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ် သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

( ၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )

“ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ

ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်ချုပ်တာပဲဖြစ်ရမယ်။

လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ

မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့

သင်ခန်းစာပါပဲ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။

မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။

အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ရှေ့ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဖြစ်ဖြစ်၊ ရှေ့ ဆောင်ပြီဆိုမှဖြင့် ကိုယ်ဟာတခြားသူတွေထက်ပိုပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေထက်ပိုပြီးတော့ စွန့်စား ရမယ်။ ကိုယ့်ရဲ့ရှေ့ဆောင်နေပါတယ်ဆိုတဲ့ အနေအထားကို ကိုယ်ကနေပြီးတော့ သိက္ခာရှိရှိနဲ့ ထိန်းသိမ်းသွား ရမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ခံရဲတာ

သတ္တိ ဆိုတာ မှန်ပါတယ်

ဒါပေမယ့်

လုပ်ရဲတဲ့သတ္တိလည်း

ကျွန်မတို့ ရှိရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။ ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့

နေရကျိုးလည်း မနပ်ပါဘူး။

အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ကျွန်မတို့ရုန်းကန်ခဲ့ရတာတွေ

အနစ်နာခံခဲ့ရတာတွေဟာ

အနစ်နာခံရကျိုးနပ်အောင်လို့

ကျွန်မတို့ထပ်ပြီးတော့

ပိုပြီးတော့ ၀ိရိယထုတ်ပြီးတော့

ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ နိုင်ငံရေးအတွက် ကိုယ့်ရဲ့ဘ၀ကို

အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ

ဒါ အင်မတန်မှ သိက္ခာရှိပါတယ်။

အင်မတန်မှလဲ ကျေနပ်မှုရှိစရာပါ။

အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ပြဿနာ အခက်အခဲတွေ အတွက်

ထွက်ပေါက်ကိုသာ

စဉ်းစားခြင်းမပြုဘဲ

ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ”

ဟံသာဝတီ ဦးဝင်းတင်

“ ရဲ

ဇွဲ

ဥာဏ်

စည်း

တာ

မကြောက်တရား တေးကဗျာ

မီးပုံထဲက ကြာ ”

ဟံသာဝတီ ဦးဝင်းတင်