Tuesday 29 June 2010

မြတ်ဗုဒ္ဓ နှင့် ထူးခြားသော သင်္ကန်းချုပ်ပွဲကြီး




မြတ်ဗုဒ္ဓ နှင့် ထူးခြားသော သင်္ကန်းချုပ်ပွဲကြီး


မနေ့က အရှင်ဝဏ္ဏသီရိ ရေးထားသော ညီတော်အာနန္ဒာ၏ တသက်တာမှတ်တမ်း (ပထမတွဲ) ကို ဖတ်ရင်း ကျွန်တော်၏ စိတ်ထဲတွင် အလွန်ကြည်နူးစရာ ကောင်းပြီး အားကျစရာ ကောင်းလှသော မြတ်ဗုဒ္ဓလက်ထက် သင်္ကန်းချုပ်ပွဲကြီး တစ်ခု၏ မြင်ကွင်းကို ဖတ်ရှု့မိပြီး ထိုခေတ် မြတ်ဗုဒ္ဓ၏ သာသနာတော်နှင့် အကျင့်သီလ သမာဓိ ပြည့်စုံသော သံဃာတော်များ၏ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ဖြင့်နေထိုင် ကျင့်ကြံခဲ့ကြ သည်ကို တွေးမိပြီး ပိုမိုကြည်ညို ရပါတော့သည်။

တနေ့သ၌ အရှင်အနရုဒ္ဓါ သည် အလျား တစ်ဆယ့်သုံးတောင် အနံက လေးတောင် တိတိရှိသော ပံ့သကူသင်္ကန်းစများကို ရလာခဲ့သည်။ ထိုပံ့သကူသင်္ကန်း ချုပ်သောအခါမှာ အရှင်မဟာကဿဖ သည် သင်္ကန်း အရင်းပိုင်း မှာကိုင်၍ ပေး၏။ အလယ်ပိုင်း အတွက် တာဝန်ယူသူကား အရှင်မဟာသာရိပုတ္တရာ အဖျားဘက်မှာတော့ ကျွန်ုပ် (ညီတော်အာနန္ဒာ) တာဝန်ဖြစ်၍ အရှင်မဟာမောဂ္ဂ္ဂလာန် သည် လိုအပ်သမျှသော အပ် နှင့် အပ်ချည်များကို သွားချည် ပြန်ချည် ယူ၍ ပေးနေ၏။ တခြားသော မထေရ်ကြီးများက အပ်ချည်များကို တစ်ပါးပြီး တစ်ပါး ကျစ်ပေးကြ၏။ ကျစ်ထားသော အပ်ချည် တစ်မျှင် တစ်မျှင် ဆုံးလေတိုင်း အပ်နဖား ထိုးပေးသူကား သုံးလူ့ထွဋ်ထား ဘုရားရှင်ကိုယ်တော်မြတ် သာဖြစ်သည်ဟု ဓမ္မပဒ အဠကထား အရယန္တဝဂ် အနုဂုဒ္ဓါ ဝတ္ထုတွင် မှတ်တမ်း တင်ထားသည်။

ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကဖြစ် ပျက်ခဲ့သော မြင့်မြတ်သောသူများ၏ စည်းလုံးညီညွတ်မှု အဖြစ်အပျက်လေး တစ်ခုသည် ယနေ့ကျွန်တော်တို့၏ စိတ်နှလုံးထဲတွင် ဝမ်းမြောက်ကြည်နူး ဖြစ်ကြရသည်။ လောကသားတို့၏ အနှိုင်းမဲ့သော ကျေးဇူးရှင်ကြီး ဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏ သာသနာ တော်သည် အကျင့်တူမှု နှင့် အမြင်တူမှုကာင့်သာ ယခုကဲ့သို့ နှစ်ပေါင်း ၂၅၀၀ ကျော် မြင့်မြင့်မြတ်မြတ် ခိုင်ခိုင်မာမာ တည်တဲ့ စည်ပင် ခိုင်မာနေခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်မိစ္ဇာ အာဏာရှင်များကြီးစိုးသော မြန်မာပြည် ကြီးဝယ် မြတ်ဗုဒ္ဓကို ကြည်ညို လေးစား သူများ အပါအဝင် ဓမ္မတရားကို လိုလား နှစ်သက်သော ရဟန်း ရှင် လူအားလုံးတို့သည် မြတ်ဗုဒ္ဓ လိုလားတော်မူသော စည်းလုံးညီညွတ်မှုကို အကျင့်ချင်းတူမှု နှင့် အမြင်းချင်းတူမှုကို အခြေပြုပြီး အဓမ္မတရား နှင့် စစ်မိစ္ဇာ စနစ်ဆိုးကြီး ပပျောက်သွားအောင် ညီညီညွတ်ညွတ် စုစုစည်းစည်း ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။


"ဓမ္မတရားများ အမြန်ဆုံး ထွန်းကားတည်တံ့ ပါစေ..."


"ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည်
အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။
အကြင်မျှလောက် ကာလပတ်လုံး
သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊
အကြင်မျှလောက် ကာလပတ်လုံး
အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။
ထိုမျှလောက်ကာလပတ်လုံး
အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။
ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ"

(မဟာပရိနိဗ္ဗာနသုတ်)



အာကာမိုး

၁၇ ဧပြီလ ၂၀၁၀

မြန်မာ နှစ်ဆန်းတစ်ရက်နေ့