Wednesday 28 July 2010

ပြောချင်လွန်းလို့ (မောင်ဝံသ)

လေ့လာဖို့ဖတ်သင့်တယ် ထင်တာလေးတွေ ကို ဒီတစ်ပတ် ပြည်သူ့ခေတ်ဂျာနယ်ကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

“ အသက်ရှင်ရကျိုးမနပ်ဘဲ နေရမယ့်အစား
သေရတာပဲ ကောင်းတယ် ” ဆိုတဲ့ စိတ်ဓါတ်ထားပြီး
အသက်ရှင်ရကျိုးနပ်မယ့် ဒီမိုကရေစီအကျိုးဖြစ်အောင် အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

(မောင်ဝံသ) ပြောချင်လွန်းလို့


စပိန်နိုင်ငံရဲ့ ပါတီစုံအတွေ့အကြုံ

“I'm still dead!”

Francisco Franco





(4 December 1892 – 20 November 1975)


ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများ နယ်တွေဆင်းပြီး အဖွဲ့ဝင်တွေစုဆောင်းရေးလုပ်နြေ
ကတဲ့သတင်းတွေ ဖတ်ရတယ်။ တချို့လည်း အဆင်ပြေကြတယ်။ တချို့လည်းအဖုအထစ်လေးတွေရှိတယ်လို့ကြားရတယ်။ ဘာပဲပြောပြော သူတို့တွေ အလုပ်တော့လုပ်နေကြပြီပေါ့ဗျာ။ နိုင်ငံရေးပါတီများရဲ့ ဆောင်ရွက်ဖွယ်တွေထဲမှာ (၁) အဖွဲ့ဝင်စုဆောင်းရေး။(၂) ဖွဲ့စည်းရေး(၃) စည်းရုံးရေး (၄) အောင်နိုင်ရေး ဆိုပြီးအဆင့်လေးဆင့်ရှိတယ်ဗျ။ အဖွဲ့ဝင်များစုဆောင်းပြီးရင်နယ်အလိုက် အလုပ်အဖွဲ့တွေ ဖွဲ့ရတယ်။ အဲဒီအဖွဲ့တွေက လူထုကို စည်းရုံးကြရပါတယ်။ ဘာအတွက်စည်းရုံး မလဲဆိုရင် မိမိတို့ပါတီရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်ကိုပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိစေဖို့နဲ့မိမိတို့ပါတီကိုထောက်ခံအားပေးဖို့ဖြစ်တယ်။ ထောက်ခံအားပေးတယ်ဆိုရာမှာ ပါးစပ်ကထောက်ခံနေရုံနဲ့လည်း မပြီးဘူး။ မဲဆန္ဒ ပေးရမယ့်အချိန်မှာ ကိုယ်ထိလက်ရောက် ထောက်ခံမဲပေးဖို့နဲ့ တတ်နိုင်သူတွေက ရန်ပုံငွေထည့်ဝင်ကြဖို့ဖြစ်တယ်ဗျ။ အဲဒီတော့မှ အောင်နိုင်ရေးဆိုတဲ့အဆင့်ကို တက်လှမ်းနိုင်ကြမှာပေါ့ဗျာ။

ပြီးခဲ့တဲ့အပတ်ထုတ်ပြည်သူ့ခေတ်ဂျာနယ် စာ(၂၂) မှာကာတွန်းဆရာငွေကြည်ရဲ့ ကာတွန်းတစ်ကွက်ပါခဲ့တာသတိထားမိကြသလားမသိဘူး။`နိုင်ငံရေးပါတီတွေ များတာဘာကြောင့်လဲဟင်` `တစ်ပါတီစနစ်မှာအနေကြာခဲ့လို့ဖြစ်မှာပေါ့ဟ` ဆိုတဲ့စကားပြောခန်းလေးပါ။ အဲဒါအမှန်ပဲဗျ။ ၁၉၈၈ ခုနှစ် စက်တင်ဘာ၁၈ ရက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာအရပ်ရပ်ကိုလွှဲပြောင်း ယူပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးဖို့ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီ တွေတည်ထောင်ခွင့်ဖွင့်ပေးလိုက်တဲ့အခါ ပါတီပေါင်း ၂၃၀ ကျော် ပေါ်ပေါက်လာခဲ့တယ်ဗျ။ အခုတစ်ကြော့ဒီမိုကရက်တစ်ပါတီ အဖြစ်တစ်ကြော့ပြန်ပြန်ပေါ်လာတဲ့ ဦးသုဝေကြီးတို့လည်း ဒီမိုကရေစီပါတီ ဆိုပြီးမှတ်ပုံတင်ခဲ့တာမှတ်မိတယ်ဗျာ။

ကမ္ဘာ့ဖလားရှင် စပိန် နိုင်ငံအကြောင်း
ဒီနေရာမှာ အခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပွဲမှာဗိုလ်စွဲသွားတဲ့စပိန် နိုင်ငံအကြောင်းနဲ့ဆက်စပ်ပြီးပြောစရာရှိတယ်ဗျ။ စပိန်နိုင်ငံမှာ ၁၉၃၆ ခုနှစ်က ရီပတ်ဗလီကင် အစိုးရကိုဗိုလ်ချုပ်ကြီးဖရန်ကိုက ပုန်ကန်လို့ပြည်တွင်း စစ်ကြီးဖြစ်ခဲ့တယ်။ စပိန်ဒီမိုကရေစီအစိုးရပြုတ်မကျအောင် ဥရောပနိုင်ငံတွေ က ဗော်လံတီယာတပ်တွေစေလွှတ်ပြီးတော့အစိုးဘက်က ပါဝင်တိုက်ခိုက်ပေးကြတယ်။ သို့ပေမယ့်နောက်ဆုံးတော့ ဖရန်ကို နိုင်သွားပြီး ၁၉၇၅ ခုနှစ် သူသေတဲ့အထိ ၃၈ နှစ်လုံးလုံးအုပ်ချုပ်သွားတယ်။ (ဖရန်ကိုအာဏာသက်တမ်းကြာရှည်လှချည်လားမထင်နဲ့။ ပြည်သူ့ခေတ်ဂျာနယ် အမှတ်၁ က လွတ်လပ်စိုးရဲ့ ကမ္ဘာ့နိုင်ငံရေးဗဟုသုတ ညဏ်စမ်းကိုဖတ်ကြည့်တော့မှ ကျုးဘားနိုင်ငံက ကပ်စထရိုကြီးဟာ ၁၉၅၉ကနေ ၂၀၀၉ အထိနှစ်ပေါင်း ၅၀ စိုးမိုးအုပ်ချုပ်ခဲ့တယ်ဆိုတော့ သူ့စံချိန်ကိုဘယ်သူမှမချိုးနိုင်ဘူးပေါ့။)
ဖရန်ကို အုပ်ချုပ်သွားတဲ့၃၈နှစ်လုံးလုံး စပိန်နိုင်ငံမှာ နိုင်ငံရေးပါတီမပြောနဲ့ အလုပ်သမားသမဂ္ဂတောင်ဖွဲ့ခွင့်မရှိဘူး။ ဖရန်ကို ဟာ ၁၉၃၇ ခုမှာဖလန်း(Falamge)လို့ခေါ်တဲ့ဖက်ဆစ်ပါတီတည်ထောင်ပြီးသူသေတဲ့အထိခေါင်းဆောင်သွားတယ်။

ဒီမိုကရေစီကို မုန်းလိုက်တာမှ
ဖရန်ကိုကဘယ်လောက်တောင် ဒီမိုကရေစီဝါဒကို မုန်းသလဲဆိုရင် သူမသေခင်ကလေးမှာ အင်္ဂလန်က စပိန်ပြည်ပြေးဘုရင်ဟောင်း ကွန်စတင်တိုင်းရဲ့ သားဖြစ်သူ ဟွမ်ကားလို့စ် ဆိုသူကို ပြန်ခေါ်ပြီးသူသေရင် စပိန်မှာ ဘုရင်စနစ်ပြန်ထူထောင်ဖို့ စီစဉ်ခဲ့တယ် ။ ပြည်သူလူထုဟာဘာမှရင့်ကျက်တာ မဟုတ်ဘူး။ သူတို့ကိုအုပ်ချုပ်မည့်သူကို သူတို့ကိုယ်တိုင်က ရွေးချယ်ဖို့ဆိုတဲ့ ပိုင်ခွင့်နဲ့မထိုက်တန်ဘူးလို့ရန်ကိုက သဘောထားရှိတယ်။ သူလိုလူမျိုး သို့မဟုတ် ရှင်ဘုရင်တစ်ယောက်ယောက်က ဇိကုတ်ပြီး နတ်ပြည်တင်ခြင်းသာလျင် အကောင်းဆုံးအုပ်ချုပ်ရေးစနစ်လို့ယုံကြည်တယ်။ သည်လိုနဲ့ သူ့ဘာသာ အင်္ဂလန်မှာ အေးအေးဆေးဆေးသာမာန်လူဘ၀နဲ့နေထိုင် နေတဲ့ ဟွမ်ကားလို့စ် မင်းသားဟာစပိန်ပြည်ကိုပြန်လာပြီး ဖရန်ကိုသေရင် ဘုရင်လုပ်မယ့် ပုဂ္ဂိုလ်အဖြစ်စောင့်နေခဲ့ရတယ်။


Europe cannot confine itself to the cultivation of its own garden.

Juan Carlos




Juan Carlos (22 November 1975 – present)





ဖရန်ကို သံပတ်တွေပြန်လျော့
တော်သေးတာပေါ့။ ဟွမ်ကားလို့စ်က အင်မတန် အမြော်အမြင်ကြီးမားသူဖြစ်တယ်။ ဖရန်ကိုသေပြီးပြီးချင်းဘုရင်ဖြစ်လာပေမယ့် ဖရန်ကိုလို သံပတ်မတင်းဘူး ဖရန်ကို ကျပ်ခဲ့တဲ့ သံပတ်တွေကိုတောင် ပြန်လျှော့ပစ်တယ်။ ဖရန်ကိုလက်ထက်မှာလုံးဝစိတ်မကူဲး့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရေးဆွဲပြဌာန်းတယ်။ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပေးတယ်။ ဒါနဲ့ပဲ ကွန်မြူနစ်ပါတီ ဆိုရှယ်လစ်ပါတီ အပါအ၀င် ပါတီစုံပေါ်လာတယ်။ ပါတီပေါင်း ၂၀၀ကျော်တာပဲဗျ။ ပထမဆုံးအကြိမ်ရွေးကောက်ပွဲလုပ်တော့ဆိုရှယ်လစ်ပါတီက အမတ်နေရာအများစုရပြီးအစိုးရဖွဲ့နိုင်ခဲ့တယ်။ ကွန်မြူနစ်အချို့လည်းအစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တယ်။

နိုင်ငံရေးအကဲခတ်တွေမျက်စိလည်ရော
အဲဒီနှစ်ပိုင်းတွေမှာ ကျွန်တော်က မြန်မာ့အလင်းသတင်းစာမှာအယ်ဒီတာလုပ်နေပါတယ်။ နိုင်ငံခြားသတင်းတွေကနေစပိန်နိုင်ငံရဲ့နိုင်ငံရေး အပြောင်း အလဲ သတင်းတွေကို တအံ့တသြလေ့လာခဲ့ရတယ်။ ဘယ့်နှယ်ဗျာဖက်ဆစ်ကြီးဖရန်ကို ကွယ်လွန်တဲ့သတင်းကလည်း ထိပ်တန်းကမ္ဘာ့ သတင်းကြီးဖြစ်ခဲ့။ပြီးတော့ရှင်ဘုရင်တစ်ယောက်နန်းတက် အဲဒီဘုရင်ကအံ့သြလောက်အောင် တော်တည့်မှန်ကန်သူဖြစ်နေ။ သူ့ကိုဘုရင်ဖြစ်အောင် နန်းတင်ပေးခဲ့တဲ့ဖရန်ကိုကြီး အမုန်းတီးဆုံး ဒီမိုကရေစီစနစ်ကိုစပိန်နိုင်ငံမှာဗြုန်းစားကြီး သွတ်သွင်းလိုက်တယ် ဆိုတော့ နိုင်ငံရေးအကဲခတ်တွေမျက်စိလည်စရာတောင်ဖြစ်ကုန်တယ်ဗျ။

သို့ပေမယ့်ပါလီမန်လွှတ်တော်တွေဘာတွေ ပေါ်လာပြီးနှစ်ပေါက်အောင်မကြာသေးဘူး ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်က ခေါင်းဆောင်ပြီးအာဏာသိမ်းဖို့ကြိုးစားတဲ့ဖြစ်ရပ်ဖြစ်ခဲ့သေးတယ်။ ဘုရင်ဟွမ်ကားလို့စ်က အသံလွှင့်မိန့်ခွန်းပြောပြီးအာဏာသိမ်းဖို့ကြိုးစားသူတွေကို လက်နက်ချခိုင်းတယ်။ အာဏာသိမ်းဖို့ကြိုးစားသူတွေကို စစ်တပ်ကမထောက်ခံဘဲ ဘုရင့်အမိန့်ကိုနာခံ လိုက်တဲ့အတွက် အဲဒီအုပ်စုလက်နက်ချခဲ့တယ်။ ဘုရင်ကသူတို့ကိုနောက်နောင်ဒီလိုမလုပ်နဲ့လို့ပြောပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။ အဲဒီကတည်းကစပိန်နိုင်ငံမှာဒီမိုကရေစီရှင်သန်လာခဲ့တာ ခုဆိုကြီးထွားဖွံ့ဖြိုးလာတဲ့အဆင့်ရောက်နေပြီဗျ။ ကမ္ဘာ့ဖလားဆွတ်ခူးသွားတဲ့ စပိန်အသင်းကိုကြည့်ရင်းအတွေးနယ်ချဲ့ခြင်းဖြစ်ကြောင်းပါဗျာ။