Wednesday 28 July 2010

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

စုဆောင်းတင်ပြသူ ဘလော့ဂါ အလင်းဆက်
၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော်
ဦးဝိစာရ အထိမ်းအမှတ် ကျောက်တိုင် နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့
ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း ဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြု ပြီးပြောခဲ့သော
မိန့်ခွန်း…

ကျွန်ုပ်တို့သည် မင်္ဂလာတရားတော် အရ
ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆို
သည့်အတိုင်း ပူဇော်သကာယ ပြုကြခြင်းသာ
ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်
ပုဂ္ဂိုလ်၏ အနိုင်မခံ အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို
ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊ အရှင်ဦးဝိစာရ သည် အသက်
စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်ကြောင်း။ အင်္ဂလိပ်လူမျိုး
တို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ
မထင်ကြ၍ အင်္ဂလိပ်များ အား မည်သို့မျှ ဆန့်ကျင်ဘက် မပြုဝံ့သော
အချိန်အခါတွင် အရှင်ဦးဝိစာရ ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး
မည်သူ ချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့ ဘာကိုမျှ ဂရုမစိုက်ပဲ
ငါလိုချင်တာမရရင် အသက် အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို
ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း


ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့
စိတ်ဓါတ်မျိုး မွေးမြူ ကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ
အစစအရာရာရှားပါးကြောင်း နေရေး၊ စားရေး၊ သွားရေး၊ လာရေး
အလွန်ခက်ခဲကြောင်း။ သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ
လွတ်လပ်ရေးကြီး အတွက် အရိုးကြေ ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန်
အသက်အသေခံ ကြိုးစားကြရမည်ဟု စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်
ဦးဝိစာရကဲ့သို့ အာဇာနည် အမြုတေ စိတ်ဓါတ်ကို ယနေ့မှစ၍
မွေးမြူကြစေလိုကြောင်း….